Saturday, 26 October 2013

“မျက်ရည်က အပူကို မငြိမ်းစေနိုင်ပါဘူး”

 ဇာတ်တော်အမည်က = ဒသရထဇာတ် (ဒသရထမင်းကြီး အမည်ကိုယူပြီး ဇာတ်အမည်ပေးထားတာပါ။)
ပစ္စုပ္ပန်အကြောင်းက = အဖေသေလို့ သောကမီးတောက်လောင်နေတဲ့ သူကြွယ်ကို အဓိက ဟောထား တာပါ။

အရင်က ဇာတ်လမ်းလေး (အတိတ် အကြောင်း)
ဗာရာဏသီပြည် ဒသရထမင်းကြီးမှာ ရာမ၊ လက္ခဏ သား(၂)ယောက်နှင့် သမီး သီတာ ဆိုပြီး (၃)ယောက်ရှိပါတယ်။ မိဖုရားကြီးက အစောကြီး ကွယ်လွန်သွားတော့ မင်းကြီးက နောက်ထပ် မိဖုရား တစ်ယောက် မြှောက်ပါတယ်။ “ဘရတ“ဆိုတဲ့ သားတစ်ယောက် ထွန်းကားပါတယ်။ မင်းကြီးက အဲဒီ သားလေးကို ချစ်လွန်းလို့ မိဖုရားကို “လိုရာဆု“ တောင်းခိုင်းတယ်။ သားအတွက် နန်းပေးဖို့ တောင်းတယ်။ မင်းကြီးက သားကြီးများ ရှိနေတဲ့အတွက်ကြောင့် မိဖုရားကို “နန်းဆု“ မပေးခဲ့ဘူး။

ဒါ့ကြောင့် မင်းကြီးက သားကြီး(၂)ယောက်ကို မိဖုရားက အန္တရာယ်ပြုမှာစိုးလို့ တောထဲ ထွက်သွား ခိုင်းပြီး (၁၂)နှစ်ကြာမှ ထီးနန်းလာသိမ်းဖို့ မှာလိုက်ပါတယ်။ ဒါနဲ့ “ရာမ၊ လက္ခဏ၊ သီတာ“တို့ သုံးယောက် လုံး ဟိမ၀န္တာတောထဲမှာ သွားနေကြတယ်။ (၉)နှစ်ကြာတော့ မင်းကြီး နတ်ရွာစံတယ်။ မိဖုရားက သားတော် “ဘရတ”ကို ထီးနန်းပေးအပ်ရန် တောင်းဆိုရာ အမတ်ကြီးများက သဘော မတူခဲ့ဘူး။ ဒီတော့ “ဘရတ“မင်းသားက အစ်ကိုကြီး “ရာမ”မင်းသားကို ထီးနန်းအပ်ရန် တောထဲ လိုက်လာပြီး ခမည်းတော် နတ်ရွာစံကြောင်း ပြောပြရင်း ငိုကြွေးပါတယ်။ လက္ခဏနဲ့ သီတာဒေ၀ီ တို့လည်း အဲဒီစကား ကြားပြီး မေ့လဲ သွားခဲ့ကြတယ်။ “ရာမ“မင်းသားကတော့ မငိုခဲ့ပါ။ “ငိုကြွေးလို့ ကျတဲ့ မျက်ရည်က သောကအပူကို မငြိမ်းစေ နိုင်ကြောင်း” ဘရတမင်းသားကို တရားသဘောများ ပြောပြခဲ့ပါတယ်။

“ငိုနေလို့ သေတဲ့သူ ပြန်ရှင်လာမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့် ကိုယ့်ကိုယ်ကို အပူမိအောင် လုပ်နေ ရမှာလဲ။ လူဆိုတာ သေမျိုးချည်းပါပဲ”။

“မှည့်နေတဲ့ သစ်သီးဟာ ကြွေကျရသလို ရှင်တဲ့သတ္တ၀ါတဲ့ သေရတာချည်းပါပဲ။ ဖြစ်ပြီးရင် ပျက်ရတာပါပဲ”။

“နေ့ခင်း မြင်တွေ့ရသူတွေဟာ ညရောက်ရင် ပျောက်သွားနိုင်တာပဲ။ ညတုန်းက တွေ့မြင်ရသူ ဟာလည်း မနက်ကျရင် တွေ့ချင်မှ တွေ့တော့တာပါ။ နေ့မြင် ညပျောက်၊ ညမြင် နေ့ပျောက်သဘော တွေပါ။“ တကယ်လို့ ကိုယ့်ကိုယ်ကို ဆင်းရဲ ပင်ပန်းခံပြီး ငိုလိုက်ရလို့ အကျိုးတစ်ခုခု ရှိမယ်ဆိုရင် ပညာရှိ တွေလည်း ငိုကြွေးကြမှာပေါ့။”

“ငိုနေတာဟာ စိတ်ဆင်းရဲတယ်။ ရုပ်ဆိုးတယ်။ အဲဒီလို ငိုလို့ တမလွန်ရောက်သူက ပြန်ရှင်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငိုတာဟာ အကျိုးမရှိပါဘူး။”

“ဘရတ..ရေ…၊ လူ(သတ္တ၀ါ)ဆိုတာ တစ်ယောက်တည်း လာပြီး တစ်ယောက်တည်း ပြန်သွားရတာပါ။ ဆွေမျိုးဆိုတာ ကြုံလို့ ပေါင်းနေကြရတာပါ။” ဒါ့ကြောင့် ဗဟုသုတရှိတဲ့ ပစ္စုပ္ပန် တမလွန်အကြောင်းကို ကောင်းကောင်းသိတဲ့ ပညာရှိဟာ စိတ်ဆင်းရဲ မခံပါဘူး။ ငါကတော့ ငို မနေပါဘူး။ အလှူ ပေးမယ်၊ ရာထူး အခြံအရံတွေ ပေးမယ်၊ စည်းစိမ်ဥစ္စာကိုလည်း သင့်သလို ခံစားမယ်၊ ဆွေမျိုးတွေနဲ့ ကျန်တဲ့ ပြည်သူတွေကို လည်း ပြုစုစောင့်ရှောက်မယ် လို့ သိတဲ့ပုဂ္ဂိုလ်ဟာ စောင့်ရှောက်ဖို့ မခဲယဉ်းပါဘူး”
တဲ့။

အဲဒီနောက် ဘရတမင်းသားက မင်းပြုဖို့ ပြောရာ ရာမမင်းသားက လက်မခံဘဲ လက္ခဏတို့ သုံးယောက်ကိုသာ မင်းပြုခိုင်းပါတယ်။ သူကတော့ ဖခင်မှာတဲ့အတိုင်း (၁၂)နှစ်ကြာမှ ပြန်လာပြီး မင်းပြု မယ်လို့ မှာကြားလိုက်ပါတယ်။ ညီတော်တို့က မင်းမပြုဘူးလို့ ပြောတော့ ရာမမင်းသားက “သူရဲ့ မြက် ခြေနင်း(ဖိနပ်)လေးဟာ သူ လာတဲ့အထိ မင်းအဖြစ် ရပ်တည်ပေးလိမ့်မယ်“ လို့ ပြောပြီး ခြေထောက်မှ ခြေနင်းကို ချွတ်ပေးလိုက်ပါတယ်။ မောင်နှမသုံးယောက်ဟာ ဗာရာဏသီ ပြန်သွားပြီး မြက်ခြေနင်းကို ရာဇပလ္လင်မှာ မင်းအဖြစ် အသိအမှတ်ပြုလိုက်ကြပါတယ်။ ရာမမင်းသားကတော့ (၃)နှစ်ကြာမှ နေပြည် တော် ပြန်လာပြီး နှမတော် သီတာဒေ၀ီကို မိဖုရား မြှောက်ကာ အဘိသိက် ခံယူခဲ့ပါတယ်။

အတိတ်နဲ့ ပစ္စုပ္ပန် ပြန်ပေါင်းကြည့်ရင်
“ဒသရထမင်းကြီးက = သုဒ္ဓေါဓန။ မယ်တော်က = မာယာဒေ၀ီ။ ဘရတက = အရှင်အာနန္ဒာ။ လက္ခဏက = အရှင်သာရိပုတ္တရာ။ ရာမမင်းသားက = မြတ်စွာဘုရား” ပါ။

(မြန်မာနိုင်ငံ ဆဋ္ဌသင်္ဂါယနာတင် သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ်၊ ဇာတ်အဋ္ဌကထာ အတွဲ(၄) စာမျက်နှာ၁၂၆၊ ဒသရထဇာတ်တော်မှာ ပါတဲ့ “ရာမ၊ လက္ခဏ၊ သီတာ“တို့ အကြောင်းပါ။ ဗုဒ္ဓကျမ်းစာ စစ်စစ်က အလွမ်း အဆွေးကို ဦးစား မပေးပါဘူး၊ သောကပြေကြောင်း နည်းလမ်းကောင်းတွေပဲ ပေးပါ တယ်။ ဒါက ကိုယ်ကျင့်တရားပါတဲ့ ဒဿနတွေပါပဲ။)

(ဒီနေ့ခေတ် တို့သိနေတဲ့ “ရာမာယနဇာတ်တော်ထဲက မင်းဒဿလို လူ၊ မင်းဒဿလို လူ” ဆိုပြီး သီချင်းများတောင် ဖွဲ့ဆိုနေတဲ့ ရာမဇာတ်တော်ဟာ မြန်မာဇာတ်တော် မဟုတ်ပါဘူး။
ရာမယနဇာတ်ဟာ အိန္ဒိယပြည်က “၀ါလမိကိ“ဆိုတဲ့ စာဆိုကြီးရဲ့ လက်ရာပါ။ အာရှတခွင်ကို ပျံ့နှံ့သွားပြီး ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ စတဲ့နိုင်ငံတွေမှာလည်း ထွန်းကားခဲ့ပါတယ်။ ကျန်ုပ်တို့နိုင်ငံမှာ ဖျာပုံရာမ၊ အိုးဘိုရာမ၊ ပုဏ္ဏားရာမ၊ ပသျူးရာမ စသည်ဖြင့် ကြားဖူးပါတယ်။ မြန်မာပြည်မှာ ရာမဇာတ်ကို လက်ကုန်နှိုက်ပြီး လေ့လာထားသူအနေနဲ့ ဆရာဇော်ဂျီ တယောက်ပဲ ရှိပါတယ်။ တွဲဖက် လေ့လာသူကတော့ “ ကေ”ပါ။ ကလောင်အမည်ပါ။

No comments:

Post a Comment