“အရင်က အဲဒီနေရာမှာ မန်ကျည်းပင်တစ်ပင်ရှိတယ် ကိုရင်တို့ရဲ့၊  နောက်တော့ ဘုန်းကြီးရဲ့ ရဟန်း ဒကာက
 ကျောင်းလေးဆောက်လိုက်တော့ မလွတ်လို့ ခုတ်လိုက်ရ ပါတယ်”
 
အိပ်မပျော်သော လပြည့်ညမျိုးများတွင် ကပ္ပိယကြီးကို ပုံပြောခိုင်းကြသည်။

ကပ္ပိယကြီးပြောနေစဉ် ကျောင်းလေးခြေရင်းကိုကြည့်မိသည်။
လရောင်သည်ဖွေးနေ၏။ လေတိုက်တိုင်း ယိမ်းနွဲ့နေသော ခရေရွက်တို့သည် တီးတိုးစကားဆိုနေသလိုလို..။
 
“နောက်တော့ အဲဒီ မန်ကျည်းပင်က ဥစ္စာစောင့်မက ဘုန်းကြီးကို အိမ်မက်ပေးတယ်တဲ့။
မန်ကျည်းပင်ခုတ်လိုက် လို့ သူ့မှာ နေစရာပျောက်နေပါတယ်လို့ပေါ့..”
မှောင်နှင်းမည်းမည်း ကပ္ပိယကြီးစကားကိုနားထောင်ပြီး ကြောထဲ စိမ့်ကနဲ့..။
 
“ဒါနဲ့ ဘုန်းကြီးက သူ့နေရာ အတွက်ဆိုပြီး ခရေပင်လေးစိုက်ပေးလိုက်တယ်။
နောက်နေ့ကျတော့ ဘုန်းကြီးကို အိမ်မက်ပေးပြန်တယ်။ သူနေစရာရပါပြီတဲ့။
နေစရာလုပ်ပေးတဲ့ဘုန်းကြီးကိုလည်း ကျေးဇူးတင်ကြောင်းလျောက်ထားကာ ဦးချပြန်သွားပါတယ်တဲ့။
 
အဲဒါနဲ့ အဲဒီခရေပင်က ဥစ္စာစောင့်မကို မခရေလို့ နာမည်ပေးလိုက်တယ်ပေါ့ ကိုရင်တို့ရာ..”
 
ကပ္ပိယကြီးသည် စိတ်မရှည်ဟန်ဖြင့် ဇာတ်လမ်းကို အကျဉ်းချုပ်သည်။ ဇရပ်အိုကြီးအပြင်ဘက်တွင် လေတို့ တရွှီးရွှီးတိုက်ခတ်နေသည်။
 
ကျောင်းထောင့်နားက ခရေပင်ကို ကြည့်မိတော့ လရောင်အဖွေးသားတွင် ယိမ်းကနေသည်။
 
လေယူရာယိမ်းလိုက်တိုင်း အကိုင်းအခက်များသည် တစ်စုံတစ်ယောက်အလားထင်စရာရှိသည်။
 
မခရေလေလား တွေးမိသည်။ ကိုရင်များသည် ခြေဆုံးခေါင်းဆုံး လုံအောင်ထွေးပြီးကွေးကြတော့သည်။
…………………………………
 
ကိုရင်ဘ၀ငယ်စဉ် ရွာဦးကျောင်း ဆရာတော်၏ အကိုကြီးဖြစ်သော ကပ္ပိယကြီးပြောပြသည့် “မခရေ” ဇာတ်လမ်း သည် နှစ်ပေါင်းနှစ်ဆယ်နီးနီးရှိသည့်တိုင်း ရင်တွင်ယိမ်းထိုးလှုပ်ခါဆဲရှိသည်။
 
ဇာတိရပ်ရွာပြန်ရောက်တိုင်း ညရေးညတာ အရေးကိစ္စရှိ၍ မပြင်ထွက်ရ ပါလျင် ကျောင်းထောင့် ခရေပင်ကို ရဲရဲမကြည့်ဖူးပါ။ မကြည့်ပဲလည်း မနေနိုင်ပါ။ ကြည့်မိပြန်လျင်လည်း..လရောင်ဖွေးနေမည်။
 
လေတိုက်တိုင်း ယိမ်းနွဲ့နေတတ်သည်။
အခက်အလက် အရွက်များ အကြားက ရိုးတိုးရိပ်တိပ်များ သည်တောင်ပြေးမြောက်ချီရှိတတ်သည်။
 
ထိုမြင်ကွင်းကို မြင်ရသည့် မိမိကိုယ်တိုင်မူ စကားသံ တိုးတိုးကြားမိ သလိုလိုရှိတတ်သည်။
 
တိုးတိုးလေး ရွတ်ဆိုမိသည်။
 
“မခရေ ထင်တယ်..”
 
ထိုအခါမျိုးတွင် ကျောင်းပေါ်သို့ လှမ်းတက်သော ခြေလှမ်းတို့ သွက်လက်နေတတ်သည်။

No comments:
Post a Comment