Saturday, 26 October 2013

ဘယ်တော့မှ မမုန်းဘူး၊ ဘယ်တော့မှ မမေ့ဘူး


ပျော်ရွှင်ခြင်း ဆိုတာလည်း ငါ့အတွက် မဟုတ်
ပြည့်စုံခြင်း ဆိုတာလည်း ငါ့အတွက် မဟုတ်
ဖြေ မရွှင်နွမ်းလို့
ဒီကတ္တီပါ လမ်းမှာ

ကိုယ် ငိုက်စိုက်စိုက်နဲ့
ခြေရာ အထပ်ထပ် ကပ်
အသမား တက်အောင်
လျှောက်လှမ်းခဲ့ဖူးတယ်။

အသည်းတစ်ခု အတွက်
တွဲစုခို မျက်ရည် အပြည့်နဲ့
ငို...ခဲ့..ဖူးသလို
ဘ၀တစ်ခု အတွက်လည်း
အနု အလှ မပါဘဲ ယုယ ခဲ့ဖူးတယ်
ဒါ.......
ရုန်းကန်ခြင်း...လား
ရှင်သန်ခြင်း...လား
ဘာမှန်း မသိခဲ့ရဘူး။

ဘယ်လောက် ပန်းပန်း
ကိုယ် မနွမ်းခဲ့ဘူး
ဘယ်လို လျှောက် လျှောက်
ကိုယ် မမှောက်ခဲ့ဘူး
ဘယ်လို ခြောက်ခြောက်
ကိုယ် မကြောက်ခဲ့ဘူး
ဒါ......
အမေတက္ကသိုလ်)က ပေးတဲ့ ခွန်အား
အမေ(တက္ကသိုလ်) ပြောတဲ့ စကား။

တကယ် တွေးကြည့်တော့
ဒီရင်တွင်းမှာ အဖြေရှိတယ်
ဘာလိုပဲ ဖြစ်ဖြစ်
ကိုယ် သူ့(တက္ကသိုလ်)ကို မမုန်းခဲ့ဘူး
ဘယ်လောက် ဝေးဝေး
ကိုယ် သူ့(တက္ကသိုလ်)အပေါ် မအေးစက်ခဲ့ဘူး
ဘာ့ကြောင့် ဆူဆူ
ကိုယ် သူ့(တက္ကသိုလ်)ကို မငြူစူခဲ့ဘူး။

တစ်ချိ့က ပြောတယ်....
မင်း သိပ် စက်ရက်တယ်...တဲ့
ပြောထွက်လိုက်ကြတာ
တကယ်ပါ...
ကိုယ် မတွယ်တာမိဘူး
ခိုင်မာတဲ့ ကြိုးမျှင်လေးနဲ့ ချည်နှောင်ခံလိုက်ရတာ
ကိုယ် မသာယာမိဘူး
ဘာသိဘာသာ နဲ့ ရင်ခွင်(တက္ကသိုလ်)ပေါ် မှေးစက်သွားမိတာ
ဒါ.......
ခင်တွယ်ခြင်း.....လား
သံယောဇဉ် အငွေ့သက်တွေ ခိုဝင်လာလိုက်ပုံများ
ကိုယ် ကိုယ်တိုင်တောင် မသိလိုက်ရဘူး။

အမေပေးတဲ့ ခွန်အား
အမေပြောတဲ့ စကား
အမေ သွန်သင်တဲ့ နည်းလမ်းတွေနဲ့
ဘ၀ကို လျှောက်လှမ်းခဲ့တယ်
ဘယ်လိုမှ မုန်းလို့ မရဘူး
ဘယ်တော့မှ မေ့လို့ မရဘူး
ဒီလမ်း ဒီမြေ ဒီအနမ်း
ဟောဒီ အသည်းတစ်ခြမ်းနဲ့ အမြဲ လွမ်းတယ်
ငယ်ငယ်တုန်း(တက္ကသိုလ်တက်စဉ်)က အတိုင်းပါပဲ.....ကွယ်။


ရည်ညွှန်း။ ။ မန္တလေး (န.ပ.သ) ကျောင်းသားဟောင်းများရဲ့ ရင်တွင်းခံစားချက်ကို ခဏတာ ခိုဝင်ပြီး ကျွန်န်ုပ်နှလုံးသားကို တဒင်္ဂ ပေးဆပ်လိုက်ခြင်းပါ။

No comments:

Post a Comment