ဒီနေ့က
တိတ်ဆိတ်တဲ့ ညလေးတစ်ညပေါ့။ လေပြေက ခပ်သွေးသွေး၊ လရောင်က ညအမှောင်ကို
ဖြတ်ပြေးနေတော့ ကျွန်မဘ၀အတွက် 'အမှတ်တရ ည'လို့ ဆိုရမှာပေါ့…ရှင်။ အဲဒီထက်
ပိုလွမ်းစရာ ကောင်းတာက ကျွန်မကို ပေးခဲ့တဲ့ တစ်သိန်းတန်  ပုလဲသွယ် လည်ဆွဲလေးလေ။ မောင်တော်က
ချစ်သက်လက်ဆောင်အဖြစ် ပေးခဲ့တာ။ အဲ..လေ.. ကျွန်မ 'ရင်ခုန်သံ မှားခဲ့တာလား' ဆိုတာကိုတော့
ကျွန်မကိုယ်တိုင် မသိခဲ့တာ အမှန်ပါ။ ကျွန်မက တိတ်တခိုး ချစ်နေမိလို့လေ။
 
(၁)
ကျွန်မက
ကိသာဂေါတမီပါ။ သိဒ္ဓတ်မင်းသားရဲ့ ဘထွေးတော် သမီးပေါ့။ မောင်တော်သိဒ္ဓတ်နှင့်
မောင်နှမ တစ်ဝမ်းကွဲ တော်တယ်လေ။ အင်း… ပြောသာ ပြောရတာ ကျွန်မကို လူတွေက သိပ် သိကြမှာ
မဟုတ်ပါဘူး။ အများက အမတော် ယသော်ကိုပဲ အာရုံထားနေကြမှာပါ။ အမက သိပ်ချော သိပ်လှ၊
မောင်တော်သိဒ္ဓတ်ရဲ့ ဘ၀ကြင်ဖော်လည်း ဖြစ်နေတာကိုး။
ကျွန်မကလည်း ခေသူတော့
မဟုတ်ပါဘူး။ ကဗျာ လင်္ကာတွေ အလွတ်တမ်း စပ်ဆိုနိုင်တဲ့သူပါ။ ရုပ်ရည်အနေနဲ့လည်း အမတော်
ယသော်ကို မယှဉ်နိုင်ပေမဲ့ မျိုးရိုးအလှ ရှိပြီးသားပါ..ရှင်။  နန်းတွင်း အဆိုရှင်တစ်ဦးရဲ့ ဘ၀ဟာ မောင်တော်သိဒ္ဓတ်နဲ့
ဝေးနေပြီးသားပါ။ ဒါပေမဲ့ မိန်းမသားတို့ ဘာဝ တိတ်တခိုးနဲ့ ချစ်မိုးဆွေခဲ့ရတာ
မောင်တော်သိဒ္ဓတ် နန်းတက်ပြီးတာတောင်မှ မစဲသေးပါဘူး။ မောင်တော်ကို မြင်တိုင်း
ရင်ခုန်လှိုင်တွေ အတိုင်းသား ကြားနေရဆဲပါ။
(၂)
တစ်နေ့
မောင်တော်သိဒ္ဓတ် ဥယျာဉ်က ပြန်လာတာကို ကျွန်မ တစ်ပင်တိုင် နန်းပြာသာဒ်ပေါ်ကနေ
လှမ်းမြင်နေရတယ်။ အို….ဒီနေ့ မောင်တော်ကို ကြည့်ရတာ သိပ် ကျက်သရေ ရှိတာပဲ။ အရင်နေ့တွေနဲ့
လားလားမှ မတူတာ။ ဒီတစ်ခါ နှလုံးခုန်မှားတာ မဟုတ်လောက်ဘူး။ ရင်ထဲကို တကယ်
ငြိမ်းအေးစေ တဲ့ ချစ်ခြင်းရယ်ပါ။ အဖြူပေါ် အမည်းတစ်စက်တော့ ကွက်မိလိုက်ပြီ….ရှင် ။
စိတ်ထဲမှာ ဘယ်လိုမှ ထိန်းမရတော့ဘူး။ အလိုလို လျှံထွက်လာမိတာပါ။ အို….မောင်တော်ရယ်……..မောင်တော့်ကို
မြင်ရတာ ငြိမ်းချမ်းလိုက်တာလေ… တကယ်ပါပဲ။ ကျွန်မက အဆိုကောင်း အသံကောင်း
ဆိုတဲ့အတိုင်းပဲ နှုတ်ကနေ လွှတ်ခနဲ ထွက်သွားမိတယ်….။ 
''အို…သယ်ချင်းမတို့…
ဒီလို
အတုမရှိတဲ့သားရဲ့ သားကောင်းမိခင်ဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း၊
ဒီလို
အတုမရှိတဲ့သားရဲ့ သားကောင်းဖခင်ဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း၊
ဒီလို
အတုမရှိတဲ့လင်ယောက်ျားရဲ့ လင်ကောင်းဇနီးဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း
(ငြိမ်းအေးလေစွ)"
ဒီလိုစကားတွေ
ကျွန်မနှလုံးသားထဲက မတောင်းဆိုဘဲ ဖြစ်ပေါ်သွားမိတာ ကျွန်မကိုယ် ကျွန်မ အံ့သြမိတယ်….ရှင်။
တကယ်ပါပဲ။
(၃)
ဒီစကားကို
ဥယျာဉ်ကနေ နန်းတော်ကို ပြန်လာတဲ့ မောင်တော်သိဒ္ဓတ်
 မြင်းပေါ်ကနေ ကြားမိသွားတယ်
ထင်ပါရဲ့။ ကျွန်မ ရွက်ပုံးအပျော်လေး
 ပျော်ဝင်ခဲ့မိတယ်။ သိပ်…မကြာလိုက်ပါဘူး။
ကျွန်မ ထင်တဲ့အတိုင်းပဲ။ ကိုယ်လုပ်တော် တစ်ယောက် ကျွန်မထံ အပြေးအလွှား
ခစားဝင်လာပြီး သိပ်လှတဲ့ တစ်သိန်းတန် ပုလဲသွယ် လည်ဆွဲလေး လာပေးတယ်။ ကျွန်မ
နှုတ်ကနေ လွှတ်ခနဲ ''အို..ဒါ မောင်တော်သိဒ္ဓတ် အမြဲ စွဲထားတဲ့ လည်ဆွဲလေးပါ. .လား''ဆိုပြီး
ချစ်ရှက်ကလေး တစ်ချက် ဖြတ်သန်းသွား 
 မိတယ်။ နောက်မှ သတိထားမိပြီး
ကိုယ့်နှုတ်ခမ်းလွှာကို ကဗျာဆန်ဆန် လက်ကနေနဲ့ ခပ်ဖွဖွလေး အုပ်လိုက်မိတယ်။
  ''အင်းပေါ့လေ…။
ဖြစ်နိုင်တာပေါ့.. သေချာပါတယ်လေ။ အမတော် ယသော်က ဒီနေ့ပဲ သားတော်လေး ဖွားမြင်ခဲ့တာ။
သားတစ်ယောက်မိခင် ဖြစ်နေပြီလေ။ ငါက အပျိုစင်လေး ဆိုတော့…အဟိ…။ မောင်တော်က သိပ်
ခန့်ငြားသလို ဟန်ဆောင်လည်း အရမ်းကောင်းတာပဲ။ 
ကြည့်ပါလား…နှစ်သက်တယ်ဆို
ဒီလောက် ဖြစ်ပြစရာ မလိုပါဘူး။ ကျွန်မက မဆွတ်ခင်က ညွတ်ပြီးသားပါ၊ မချွေခင်က
ကြွေပြီးသားပါ…ရှင်။ မောင်တော် သိဒ္ဓတ် ငါ့ကို နှစ်သက်မြတ်နိုးလို့ ခုလို သူ့ရဲ့လည်ဆွဲလေး
ပေးခိုင်းတာ။ ချစ်သက် လက်ဆောင်လေး ပေါ့..နော်။''
(၄)
အဲဒီလိုမျိုး
ကျွန်မတစ်ယောက် ညတစ္ဆေ ချောက်ခံနေရသလို လည်ဆွဲလေးကို ပွတ်လိုက်၊ ရင်ထဲက စကားသံတွေ
ချွေလိုက်နဲ့ မိုးလင်းသွားတာတောင် မသိလိုက်ဘူး။ အိပ်ယာက နိုးတော့
နန်းတော်တစ်ခွင်လုံး ဆူညံနေလိုက်တာ ရှင်။ ဒါနဲ့ ကျွန်မလည်း အပြေအလွှား
နားစွင့်လိုက်တယ်။ ''အို…မောင်တော်က လူ့ဘောင်စွန့်ပြီး တောထွက်သွားတယ်  ဆိုပါလား…။'' ကိုယ့်နားကိုတောင် မယုံချင်ဘူး။
ညက အဖြစ်က အိပ်မက်လေလား…၊ တစ္ဆေလား…ပေါ့။ ကျွန်မ မသိချင်တော့ဘူး၊
မခံစားနိုင်တော့ဘူး..ရူးချင်လိုက်တာ…ရှင်။ ကျွန်မ ပေါင်းဖက်ဖို့
မမျှော်လင့်ပါဘူး။ နီးစပ်ဖို့လည်း မတောင်းဆိုရဲပါဘူး။ အရင်ကလို အဝေးကနေ
ဆွေးခွင့်ရရုံလေးပါ။ အနားမှာ ခစားရရုံ သက်သက်လေးပဲ ရချင်တာပါ။ မောင်တော်ရယ်…နန်းတော်မှာ
အပျော်တွေ ပါးသွားလို့လား…။ ကျွန်မ အသံတွေ ကျီအာသံလို ဟန်မကျ ဖြစ်နေလို့လား… ရှင်။ နန်တော်မှာ
မောင်တော် မရှိတော့ဘူးဆိုတဲ့ အသိက ကျွန်မတင် မကပါ ဘူး။ နန်းတွင် နန်းပြင်
မိုးမြေတစ်ခွင်လုံး အထီးကျန်သွားခဲ့တာ မောင်တော် မသိ ကျိုးကျွန် ပြုလိုက်တာလား…။
ရက်စက်လိုက်တာ မောင်တော်..ရယ် လို့
 ပြောမထွက်သလို အမှန်တရားအတွက် ကြင်နာတဲ့ အဖြစ်အပျက်တွေ
 ပေးသွားတယ်ရယ်လို့လည်း မှတ်ချက် မပေးရက်ပါဘူး..ရှင်။ မောင်တော်ကို
အမြဲ နားလည် ပေးနေသူပါ။
(၅)
နောက်မှ
ကြားသိရတာက မောင်တော်သိဒ္ဓတ် ကျွန်မကို ပေးတဲ့လက်ဆောင်က သူ့ကို တောထွက်ဖြစ်အောင်
လမ်းညွှန်ပေးလို့ "ဆရာခ''အဖြစ်တဲ့…လေ။
 ကောင်းကြသေးရဲ့လား..။ ခုတော့ ''မုဆိုးမ
သွားရာ မိုးလိုက်လို့ ရွာ" မဟုတ် 
တော့ဘူး။ တစ်ဖက်သတ် အဖြစ်ဟာ ဆိုးလိုက်တာ…နော်
လို့ အော်ဟစ်လိုက် ချင်တယ်…ရှင်။
 ကြည့်စမ်း..ကျွန်မ သီဆိုကျူးရင့်တဲ့ စကားကို မောင်တော် စဉ်းစားသွားပုံက
အံ့သြဖွယ်ပါ။ ကျွန်မ ရင်ကို တုန်လှုပ်သွားစေတယ်လေ။ ဘာတဲ့…."ဒီလို
ခန္ဓာကိုယ်အတ္တဘောကို မြင်ရသူ မိခင်၊ ဖခင်၊ ဇနီးတို့ဟာ ဘယ်လိုများ ငြိမ်းအေးတာလဲ..တဲ့။
အော် ငါ သိပြီ၊ ညီမလေး ကိသာ သိစေချင်တာက 'ရာဂမီး ငြိမ်းမှ၊ ဒေါသမီး ငြိမ်းမှ၊
မောဟမီး ငြိမ်းမှ၊ မာန ဒိဋ္ဌိစတဲ့ ကိလေသာပူ အားလုံး ငြိမ်းမှ ငြိမ်အေးတယ်'လို့
ဆိုလိုတာ ဖြစ်မယ်"..တဲ့။
သြော်
ကြီးကျယ်မြင့်မြတ်တဲ့ မောင်တော်ရယ်….အကြီးကြီး စဉ်းစားလိုက်ပုံများ။ ကျွန်မ ရင်ခုန်သံတွေ
အလွဲလွဲ အမှားမှား ဖြစ်ခဲ့ရ၊ တစ်ထောင့်တစ်ည ထင်ခဲ့ရ ပါဘိ..နော်။ ရင်ခုန်မိတာ
အချစ်လား…ရှင်၊
ကျွန်မ
ရင်ခုန်မိတာ အပြစ်များ ဖြစ်သွားပြီလား..ရှင်။
"ရင်ခုန်မိတာ
အပြစ်လား"
အချစ်မှာ
မျက်စိ မရှိ
တကယ်
သိပေမဲ့ 
ခုန်ခဲ့မိတယ်
ဒီရင်ထဲ
အကြင်နာ
ရက်က နှစ်ဆ ပိုကဲ။
နဂိုရ်ကတည်းက
ညွတ်ချင်
မဆွတ်ခင်က
ကြွေလုလု
ငါ
အခု ဖြစ်လိုက်ပုံများ
ပျော်ရမှာ…လား
ငိုရမှာ..လား၊
သြော်….ငါ့ဘ၀နှယ်
ကံဇာတ်
ငယ်လိုက်ပုံများ
အဝေးက
ဆွေးခွင့်လေးတောင်
ရက်ချိန်
မပေးလိုက်ရဘူး
အနီးကပ်
ဖူးခွင့်တောင်
အသိတစ်ချက်
မထပ်လိုက်ရဘူး။
မိကိသာ….ရေ
နင့်
ရင်ခုန်သံက
ကမ္ဘာတစ်ခြမ်း
လှမ်းနေပြီ
နင့်
အသည်းတစ်ခြမ်းက
အမြဲ
နွမ်းနေပြီ၊
အဖြူတစ်သက်မှာ
အမည်းတစ်စက်
ဖက်လိုက်သလို
နောက်ဆုံးတော့…..
တစ်လောကလုံးကို
အော် မေးလိုက်ပါရစေ…ရှင်
ရင်ခုန်မိတာ
အချစ်…လား
ကျွန်မ
ရင်ခုန်မိတာ အပြစ်လား…။  ။
မှီးငြမ်း။
။ ဇာတက၊ဋ္ဌ၊၁၊၇၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၅၄။ အဋ္ဌသာလိနီ၊ဋ္ဌ၊၇၆။ ဗုဒ္ဓ၀ံသ၊ဋ္ဌ၊ ၃၂၈။ မှာ ပါရှိတဲ့ ကိသာဂေါတမီရဲ့
ရင်ခုန်သံကို ပြန်လည်ခံစား ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ 
(မှတ်ချက်)
ကိသာဂေါတမီ (၃)ယောက် ရှိပါတယ်။
၁။
အထည်ကြီးပျက် သူဆင်းရဲမျိုးမှ မွေးဖွားလာတဲ့ ပိန်လှီတဲ့ဂေါတမီ (ကိသာဂေါတမီ)။
အများသိနေတဲ့သူပါ။ (အပဒါန၊ဋ္ဌ၊၂၂၄။)
၂။
ဘုရားရှင်၏ ဘထွေးတော် သမီး၊ မောင်နှမ တစ်ဝမ်းကွဲ၊ မင်းမျိုး ကိသာဂေါတမီ။ ယခု တင်ပြတဲ့သူပါ။
(ဇာတက၊ဋ္ဌ၊၁၊၇၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၅၄။ အဋ္ဌသာလိနီ၊ဋ္ဌ၊၇၆။ ဗုဒ္ဓ၀ံသ၊ဋ္ဌ၊၃၂၈။)
၃။
တိဿဘုရားရှင်၏ မြတ်သောအလုပ်အကျွေးမ (အဂ္ဂုပဋ္ဌိကာ) ကိသာဂေါတမီ။ (ဗုဒ္ဓ၀ံသ၊၃၆၁။)