Tuesday, 12 November 2013

"လိမ်နေတာတွေ ရပ်ပါတော့"


 I do love you. You are my dream, my hope, my world and my life. I love you more than I can say. I love nobody but you. I cannot live without you. ဒီစကားတွေဟာ နောက်ဆုံးထွက်သက်ထိ လိမ်ညာနေတဲ့ စကားတွေပါပဲ။ မှန်သလား/ မှားသလား ရှုစားကြည့်ကြပါစို့။

မိဖုရား မလ္လိကာရဲ့ စကားတွေက ခေတ်လူငယ်တွေအတွက် တွေးစရာ မှတ်သားစရာ  ကောင်းလိုက်တာဗျာ။  

 ကောသလမင်းကြီး အတွေးနဲ့ အရင် မျောကြည့်ပုံက...  ကိုယ်က "မင်းကို ဘယ်သူက ချစ်မြတ်နိုးလဲ"လို့ မေးရင် သူက "သင်မင်းကြီးက ချစ်မြတ်နိုးတာပေါ့"လို့ ဖြေမှာပဲ။ သူက မေးရင် "ကိုယ်ကလည်း မင်းကိုပဲ ချစ်တာပါ"လို့ ဖြေလိုက်မယ်…။ မင်းကြီး တစ်ယောက်တည်း မေးဖြေကြည့်ရင်း ကိုယ့်အတွေးနဲ့ ကိုယ် ဟုတ်လို့ပေါ့။

  တကယ်လည်း မေးလိုက်ရော မိဖုရား မလ္လိကာက "ကိုယ့်လောက် ချစ်သူ

နောက်တစ်ယောက် မရှိနိုင်တော့ဘူး၊ ကိုယ့်ထက် ပိုပြီး ချစ်ရမယ့်လူ မရှိဘူ"။ "ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံး"တဲ့လေ။
(နတ္ထိ ခေါ မေ, မဟာရာဇ, ကောစညော အတ္တနာ ပိယတရော။)

  မင်းကြီးက "ငါ့လိုဘုရင်လည်း ဖြစ်၊ အသက်မကလည်း ချစ်၊ အရေးထား အလေးပေးတာတောင်မှ သူ့ကိုသူ အချစ်ဆုံး"တဲ့။ ရက်စက်လိုက်တာ၊ တကယ့် မိန်းမယုတ်ပဲ ဆိုပြီး ဒေါသနဲ့အတူ သောကအပူတွေနဲ့ပေါ့။


သြော်….ဒါဆို "မင်းက ငါ့ထက် ရတနာသုံးပါးကို ပိုချစ်တာလား"တဲ့၊ 

 မေးချလိုက်ပြီ။


  မလ္လိကာရဲ့ စကားတွေက မှတ်သားစရာတွေပါပဲ။ 

မှန်ပါ့ အရှင်၊ 

 "ရတနာသုံးပါးကို ချစ်တာကလည်း ကိုယ့်အတွက် မဂ် ဖိုလ် နိဗ္ဗာန်ချမ်းသာကို လိုချင်လို့ ချစ်တာပါ။" မျှော်လင့်ချက် တစ်ခွဲသားနဲ့ ဆိုပါတော့။ 

တကယ်တော့ "တစ်လောကလုံးက လူတွေဟာ ကိုယ့်အကျိုးအတွက်သာ သူတစ်ပါးကို ချစ်နေတာပါ"

(သဗ္ဗော စာယံ လောကော အတ္တဒတ္ထမေ၀ ပရံ ပိယာယတိ။)

  မိဘက သားကို ချစ်တာကလည်း "ဒီသားက ငါတို့ အိုမင်းလာတဲ့အခါ ပြန်ပြုစု စောင့်ရှောက်လိမ့်မယ်"ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။


  သမီးကို ချစ်တာကလည်း "ဒီသမီးက ငါတို့ရဲ့ မျိုးနွယ်ကို တိုးပွားအောင် လုပ်လိမ့်မယ်"ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။


  လင်က ဇနီးကို ချစ်တာကလည်း "သူ့ကို ခြေဆုပ်လက်နယ် ပြုစုပေးလိမ့်မယ်"ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။


  ဆွေမျိုး၊ သားချင်း၊ မိတ်ဆွေ သယ်ချင်းတွေကို ချစ်တာကလည်း " ကိစ္စ အ၀၀ကို ကူညီဆောင်ရွက် ပေးလိမ့်မယ်"ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ.."တဲ့။

အဲဒီတော့ လိမ်နေတာတွေ ရပ်ပါတော့"လို့….သာ။

(ဥဒါန အဋ္ဌကထာ၊ ၂၄၈-၉)

နတ္ထိ အတ္တသမံ ပေမံ။ (သံ၊၁၊၆)

  ပြင်သစ် ဒဿနဆရာ ယန်းပေါလ်ဆန်းက

"Behind all love is the impulse for possession."
"ချစ်ခြင်း အားလုံးရဲ့ နောက်ကွယ်မှာ အရူးအမူး ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ ဆန္ဒရှိနေတယ်"တဲ့။

နောက်ပြီး "တစ်ဦးက တစ်ဦးကို ချစ်တယ်ဆိုတာ တစ်ဦးက တစ်ဦးကို ပိုင်ဆိုင်ဖို့၊ တစ်ဦးက တစ်ဦးကို ကျွန်အဖြစ် ရောက်စေဖို့ ကြိုးစားနေခြင်းသာ ဖြစ်တယ်"တဲ့။


  အဲဒီတော့ ချစ်တယ် ဆိုတာ ရယူ ပိုင်ဆိုင်ဖို့၊ ကိုယ် စိတ်ချမ်းသာဖို့၊ ကိုယ်ကျိုးအတွက်ဆိုတာ သေချာပါတယ်။


သယ်ချင်းတို့….ရေ...ဘယ်လို ထင်ကြလဲ၊ ကိုယ့်ဘာသာ မေးကြည့်ကြပေါ့။

Tuesday, 29 October 2013

``အကောင်းဆုံးကို ပေးပါ၊ အကောင်းဆုံး ရမှာပါ´´



(လူသားအားလုံးအတွက်)
ကမ္ဘာကြီးက သင့်ကို ဘာပေးမလဲ ဆိုတာထက်
ကျွန်ုပ်တို့က ကမ္ဘာကြီးအတွက် ဘာတွေ ပေးဆပ်ကြမလဲ ဆိုတာသာ
စဉ်းစားကြပါစို့။

(သား,သမီးများအတွက်)
မိဘတွေက ငါတို့ကို ဘာတွေ လုပ်ပေးမလဲ ဆိုတာထက်
ငါတို့က မိဘတွေအတွက် ဘာတွေ ပြန်လုပ်ပေးနိုင်မလဲ၊
ကျေးဇူးတွေ ဘယ်လို ပေးဆပ်ကြမလဲ ဆိုတာသာ
စဉ်းစားကြပါစို့။

(မိဘများအတွက်)
ငါတို့ သားသမီးတွေ ဘယ်လောက် တော်လာပြီး ဘယ်လောက် စွမ်းဆောင်နိုင်မလဲ ဆိုတာထက်
သူတို့ ဘ၀တစ်လျှောက် လမ်းမမှားအောင် ဘယ်လို သင်ပြနည်းလမ်းပေးကြမလဲ ဆိုတာသာ
စဉ်းစားကြပါစို့။

(ဆရာများအတွက်)
တပည့်တွေ ဂုဏ်ထူးတွေ တစ်သီးကြီးနဲ့ အောင်မြင်အောင် သင်ပြပေးဖို့ထက်
သူတို့တွေ ဘ၀မမှောက်အောင် ဘယ်လို ဆက်လျှောက်သင့်တယ် ဆိုတဲ့
အတွေးကိုသာ လမ်းပြဖော်ဆောင်ပေးဖို့
စဉ်းစားကြပါစို့။

(တပည့်များအတွက်)
ဆရာတွေက ငါတို့ကို အောင်မြင်အောင် ဘယ်လို သင်ပြပေးမလဲ ဆိုတာထက်
ငါတို့တွေ ဘယ်လို လေ့ကျင့်ပြီး ကျေနပ်အောင် ဘယ်လို စွမ်းဆောင်ပေးမလဲ ဆိုတာသာ
စဉ်းစားကြပါစို့။

(ရဟန်းတော်များအတွက်)
သာသနာတော်က ငါတို့ကို ဘယ်လို အထောက်အကူ ဖြစ်မလဲ ဆိုတာထက်
သာသနာတော်အတွက် ငါတို့ ဘယ်လို ထောက်ပံ့သွားမလဲ၊
ဘယ်လို သာသနာပြုသွားမလဲ ဆိုတာသာ
စဉ်းစားကြပါစို့။

(မြန်မာဇာတ်ကားတစ်ကားကို ကြည့်ရင်း တွေးမိ ခံစားမိတာလေးတွေပါ။ ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါသည်။ ချမ်းမြေ့ကြပါစေ။ ကျွန်ုပ် ချမ်းမြေ့ပါ။)

Monday, 28 October 2013

သတ်ပစ်ဖို့၊ သေကြောင်းကြံဖို့ မကြိုးစားပါနဲ့.


အကြီးအကဲ(ဘုရင်/မင်း/သမ္မတ) လုပ်သူဟာ
လိမ်တယ်ဆိုရင်
အမှန်တရားကို သတ်ပစ်လိုက်တာပဲ။

 အမှန်တရားကို သတ်ပစ်လိုက်တာဟာ
ကိုယ့်ကိုယ်ကို သေကြောင်းကြံတာနဲ့ အတူတူပဲ။

ရာဇာ နာမ မုသာဝါဒံ ကရောန္တော ဓမ္မံ ဟနတိ၊
သော ဓမ္မံ ဟနိတွာ သယမေ၀ ဟညတိ။

(ဒေ၀ဒတ်လောင်းကို ဘုရားလောင်း ကပိလရသေ့က ပြောသောစကား)
(စေတိယဇာတ်၊ ဋ္ဌ၊၃၊ ၄၃၃။)

Sunday, 27 October 2013

''ရင်ခုန်မိတာ အပြစ်လား''




ဒီနေ့က တိတ်ဆိတ်တဲ့ ညလေးတစ်ညပေါ့။ လေပြေက ခပ်သွေးသွေး၊ လရောင်က ညအမှောင်ကို ဖြတ်ပြေးနေတော့ ကျွန်မဘ၀အတွက် 'အမှတ်တရ ည'လို့ ဆိုရမှာပေါ့…ရှင်။ အဲဒီထက် ပိုလွမ်းစရာ ကောင်းတာက ကျွန်မကို ပေးခဲ့တဲ့ တစ်သိန်းတန်  ပုလဲသွယ် လည်ဆွဲလေးလေ။ မောင်တော်က ချစ်သက်လက်ဆောင်အဖြစ် ပေးခဲ့တာ။ အဲ..လေ.. ကျွန်မ 'ရင်ခုန်သံ မှားခဲ့တာလား' ဆိုတာကိုတော့ ကျွန်မကိုယ်တိုင် မသိခဲ့တာ အမှန်ပါ။ ကျွန်မက တိတ်တခိုး ချစ်နေမိလို့လေ။
 
(၁)
ကျွန်မက ကိသာဂေါတမီပါ။ သိဒ္ဓတ်မင်းသားရဲ့ ဘထွေးတော် သမီးပေါ့။ မောင်တော်သိဒ္ဓတ်နှင့် မောင်နှမ တစ်ဝမ်းကွဲ တော်တယ်လေ။ အင်း… ပြောသာ ပြောရတာ ကျွန်မကို လူတွေက သိပ် သိကြမှာ မဟုတ်ပါဘူး။ အများက အမတော် ယသော်ကိုပဲ အာရုံထားနေကြမှာပါ။ အမက သိပ်ချော သိပ်လှ၊ မောင်တော်သိဒ္ဓတ်ရဲ့ ဘ၀ကြင်ဖော်လည်း ဖြစ်နေတာကိုး။
ကျွန်မကလည်း ခေသူတော့ မဟုတ်ပါဘူး။ ကဗျာ လင်္ကာတွေ အလွတ်တမ်း စပ်ဆိုနိုင်တဲ့သူပါ။ ရုပ်ရည်အနေနဲ့လည်း အမတော် ယသော်ကို မယှဉ်နိုင်ပေမဲ့ မျိုးရိုးအလှ ရှိပြီးသားပါ..ရှင်။  နန်းတွင်း အဆိုရှင်တစ်ဦးရဲ့ ဘ၀ဟာ မောင်တော်သိဒ္ဓတ်နဲ့ ဝေးနေပြီးသားပါ။ ဒါပေမဲ့ မိန်းမသားတို့ ဘာဝ တိတ်တခိုးနဲ့ ချစ်မိုးဆွေခဲ့ရတာ မောင်တော်သိဒ္ဓတ် နန်းတက်ပြီးတာတောင်မှ မစဲသေးပါဘူး။ မောင်တော်ကို မြင်တိုင်း ရင်ခုန်လှိုင်တွေ အတိုင်းသား ကြားနေရဆဲပါ။

(၂)
တစ်နေ့ မောင်တော်သိဒ္ဓတ် ဥယျာဉ်က ပြန်လာတာကို ကျွန်မ တစ်ပင်တိုင် နန်းပြာသာဒ်ပေါ်ကနေ လှမ်းမြင်နေရတယ်။ အို….ဒီနေ့ မောင်တော်ကို ကြည့်ရတာ သိပ် ကျက်သရေ ရှိတာပဲ။ အရင်နေ့တွေနဲ့ လားလားမှ မတူတာ။ ဒီတစ်ခါ နှလုံးခုန်မှားတာ မဟုတ်လောက်ဘူး။ ရင်ထဲကို တကယ် ငြိမ်းအေးစေ တဲ့ ချစ်ခြင်းရယ်ပါ။ အဖြူပေါ် အမည်းတစ်စက်တော့ ကွက်မိလိုက်ပြီ….ရှင် ။ စိတ်ထဲမှာ ဘယ်လိုမှ ထိန်းမရတော့ဘူး။ အလိုလို လျှံထွက်လာမိတာပါ။ အို….မောင်တော်ရယ်……..မောင်တော့်ကို မြင်ရတာ ငြိမ်းချမ်းလိုက်တာလေ… တကယ်ပါပဲ။ ကျွန်မက အဆိုကောင်း အသံကောင်း ဆိုတဲ့အတိုင်းပဲ နှုတ်ကနေ လွှတ်ခနဲ ထွက်သွားမိတယ်….။
''အို…သယ်ချင်းမတို့…
ဒီလို အတုမရှိတဲ့သားရဲ့ သားကောင်းမိခင်ဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း၊
ဒီလို အတုမရှိတဲ့သားရဲ့ သားကောင်းဖခင်ဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း၊
ဒီလို အတုမရှိတဲ့လင်ယောက်ျားရဲ့ လင်ကောင်းဇနီးဟာ ငြိမ်းအေးလိုက်မည့်ဖြစ်ခြင်း (ငြိမ်းအေးလေစွ)"
ဒီလိုစကားတွေ ကျွန်မနှလုံးသားထဲက မတောင်းဆိုဘဲ ဖြစ်ပေါ်သွားမိတာ ကျွန်မကိုယ် ကျွန်မ အံ့သြမိတယ်….ရှင်။ တကယ်ပါပဲ။

(၃)
ဒီစကားကို ဥယျာဉ်ကနေ နန်းတော်ကို ပြန်လာတဲ့ မောင်တော်သိဒ္ဓတ်
 မြင်းပေါ်ကနေ ကြားမိသွားတယ် ထင်ပါရဲ့။ ကျွန်မ ရွက်ပုံးအပျော်လေး
 ပျော်ဝင်ခဲ့မိတယ်။ သိပ်…မကြာလိုက်ပါဘူး။ ကျွန်မ ထင်တဲ့အတိုင်းပဲ။ ကိုယ်လုပ်တော် တစ်ယောက် ကျွန်မထံ အပြေးအလွှား ခစားဝင်လာပြီး သိပ်လှတဲ့ တစ်သိန်းတန် ပုလဲသွယ် လည်ဆွဲလေး လာပေးတယ်။ ကျွန်မ နှုတ်ကနေ လွှတ်ခနဲ ''အို..ဒါ မောင်တော်သိဒ္ဓတ် အမြဲ စွဲထားတဲ့ လည်ဆွဲလေးပါ. .လား''ဆိုပြီး ချစ်ရှက်ကလေး တစ်ချက် ဖြတ်သန်းသွား
 မိတယ်။ နောက်မှ သတိထားမိပြီး ကိုယ့်နှုတ်ခမ်းလွှာကို ကဗျာဆန်ဆန် လက်ကနေနဲ့ ခပ်ဖွဖွလေး အုပ်လိုက်မိတယ်။
  ''အင်းပေါ့လေ…။ ဖြစ်နိုင်တာပေါ့.. သေချာပါတယ်လေ။ အမတော် ယသော်က ဒီနေ့ပဲ သားတော်လေး ဖွားမြင်ခဲ့တာ။ သားတစ်ယောက်မိခင် ဖြစ်နေပြီလေ။ ငါက အပျိုစင်လေး ဆိုတော့…အဟိ…။ မောင်တော်က သိပ် ခန့်ငြားသလို ဟန်ဆောင်လည်း အရမ်းကောင်းတာပဲ။
ကြည့်ပါလား…နှစ်သက်တယ်ဆို ဒီလောက် ဖြစ်ပြစရာ မလိုပါဘူး။ ကျွန်မက မဆွတ်ခင်က ညွတ်ပြီးသားပါ၊ မချွေခင်က ကြွေပြီးသားပါ…ရှင်။ မောင်တော် သိဒ္ဓတ် ငါ့ကို နှစ်သက်မြတ်နိုးလို့ ခုလို သူ့ရဲ့လည်ဆွဲလေး ပေးခိုင်းတာ။ ချစ်သက် လက်ဆောင်လေး ပေါ့..နော်။''

(၄)
အဲဒီလိုမျိုး ကျွန်မတစ်ယောက် ညတစ္ဆေ ချောက်ခံနေရသလို လည်ဆွဲလေးကို ပွတ်လိုက်၊ ရင်ထဲက စကားသံတွေ ချွေလိုက်နဲ့ မိုးလင်းသွားတာတောင် မသိလိုက်ဘူး။ အိပ်ယာက နိုးတော့ နန်းတော်တစ်ခွင်လုံး ဆူညံနေလိုက်တာ ရှင်။ ဒါနဲ့ ကျွန်မလည်း အပြေအလွှား နားစွင့်လိုက်တယ်။ ''အို…မောင်တော်က လူ့ဘောင်စွန့်ပြီး တောထွက်သွားတယ်  ဆိုပါလား…။'' ကိုယ့်နားကိုတောင် မယုံချင်ဘူး။ ညက အဖြစ်က အိပ်မက်လေလား…၊ တစ္ဆေလား…ပေါ့။ ကျွန်မ မသိချင်တော့ဘူး၊ မခံစားနိုင်တော့ဘူး..ရူးချင်လိုက်တာ…ရှင်။ ကျွန်မ ပေါင်းဖက်ဖို့ မမျှော်လင့်ပါဘူး။ နီးစပ်ဖို့လည်း မတောင်းဆိုရဲပါဘူး။ အရင်ကလို အဝေးကနေ ဆွေးခွင့်ရရုံလေးပါ။ အနားမှာ ခစားရရုံ သက်သက်လေးပဲ ရချင်တာပါ။ မောင်တော်ရယ်…နန်းတော်မှာ အပျော်တွေ ပါးသွားလို့လား…။ ကျွန်မ အသံတွေ ကျီအာသံလို ဟန်မကျ ဖြစ်နေလို့လား… ရှင်။ နန်တော်မှာ မောင်တော် မရှိတော့ဘူးဆိုတဲ့ အသိက ကျွန်မတင် မကပါ ဘူး။ နန်းတွင် နန်းပြင် မိုးမြေတစ်ခွင်လုံး အထီးကျန်သွားခဲ့တာ မောင်တော် မသိ ကျိုးကျွန် ပြုလိုက်တာလား…။ ရက်စက်လိုက်တာ မောင်တော်..ရယ် လို့
 ပြောမထွက်သလို အမှန်တရားအတွက် ကြင်နာတဲ့ အဖြစ်အပျက်တွေ
 ပေးသွားတယ်ရယ်လို့လည်း မှတ်ချက် မပေးရက်ပါဘူး..ရှင်။ မောင်တော်ကို အမြဲ နားလည် ပေးနေသူပါ။

(၅)
နောက်မှ ကြားသိရတာက မောင်တော်သိဒ္ဓတ် ကျွန်မကို ပေးတဲ့လက်ဆောင်က သူ့ကို တောထွက်ဖြစ်အောင် လမ်းညွှန်ပေးလို့ "ဆရာခ''အဖြစ်တဲ့…လေ။
 ကောင်းကြသေးရဲ့လား..။ ခုတော့ ''မုဆိုးမ သွားရာ မိုးလိုက်လို့ ရွာ" မဟုတ်
တော့ဘူး။ တစ်ဖက်သတ် အဖြစ်ဟာ ဆိုးလိုက်တာ…နော် လို့ အော်ဟစ်လိုက် ချင်တယ်…ရှင်။
 ကြည့်စမ်း..ကျွန်မ သီဆိုကျူးရင့်တဲ့ စကားကို မောင်တော် စဉ်းစားသွားပုံက အံ့သြဖွယ်ပါ။ ကျွန်မ ရင်ကို တုန်လှုပ်သွားစေတယ်လေ။ ဘာတဲ့…."ဒီလို ခန္ဓာကိုယ်အတ္တဘောကို မြင်ရသူ မိခင်၊ ဖခင်၊ ဇနီးတို့ဟာ ဘယ်လိုများ ငြိမ်းအေးတာလဲ..တဲ့။ အော် ငါ သိပြီ၊ ညီမလေး ကိသာ သိစေချင်တာက 'ရာဂမီး ငြိမ်းမှ၊ ဒေါသမီး ငြိမ်းမှ၊ မောဟမီး ငြိမ်းမှ၊ မာန ဒိဋ္ဌိစတဲ့ ကိလေသာပူ အားလုံး ငြိမ်းမှ ငြိမ်အေးတယ်'လို့ ဆိုလိုတာ ဖြစ်မယ်"..တဲ့။

သြော် ကြီးကျယ်မြင့်မြတ်တဲ့ မောင်တော်ရယ်….အကြီးကြီး စဉ်းစားလိုက်ပုံများ။ ကျွန်မ ရင်ခုန်သံတွေ အလွဲလွဲ အမှားမှား ဖြစ်ခဲ့ရ၊ တစ်ထောင့်တစ်ည ထင်ခဲ့ရ ပါဘိ..နော်။ ရင်ခုန်မိတာ အချစ်လား…ရှင်၊
ကျွန်မ ရင်ခုန်မိတာ အပြစ်များ ဖြစ်သွားပြီလား..ရှင်။

"ရင်ခုန်မိတာ အပြစ်လား"

အချစ်မှာ မျက်စိ မရှိ
တကယ် သိပေမဲ့
ခုန်ခဲ့မိတယ် ဒီရင်ထဲ
အကြင်နာ ရက်က နှစ်ဆ ပိုကဲ။

နဂိုရ်ကတည်းက ညွတ်ချင်
မဆွတ်ခင်က ကြွေလုလု
ငါ အခု ဖြစ်လိုက်ပုံများ
ပျော်ရမှာ…လား
ငိုရမှာ..လား၊
သြော်….ငါ့ဘ၀နှယ်
ကံဇာတ် ငယ်လိုက်ပုံများ
အဝေးက ဆွေးခွင့်လေးတောင်
ရက်ချိန် မပေးလိုက်ရဘူး
အနီးကပ် ဖူးခွင့်တောင်
အသိတစ်ချက် မထပ်လိုက်ရဘူး။

မိကိသာ….ရေ
နင့် ရင်ခုန်သံက
ကမ္ဘာတစ်ခြမ်း လှမ်းနေပြီ
နင့် အသည်းတစ်ခြမ်းက
အမြဲ နွမ်းနေပြီ၊
အဖြူတစ်သက်မှာ
အမည်းတစ်စက် ဖက်လိုက်သလို
နောက်ဆုံးတော့…..
တစ်လောကလုံးကို အော် မေးလိုက်ပါရစေ…ရှင်
ရင်ခုန်မိတာ အချစ်…လား
ကျွန်မ ရင်ခုန်မိတာ အပြစ်လား…။  ။

မှီးငြမ်း။ ။ ဇာတက၊ဋ္ဌ၊၁၊၇၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၅၄။ အဋ္ဌသာလိနီ၊ဋ္ဌ၊၇၆။ ဗုဒ္ဓ၀ံသ၊ဋ္ဌ၊ ၃၂၈။ မှာ ပါရှိတဲ့ ကိသာဂေါတမီရဲ့ ရင်ခုန်သံကို ပြန်လည်ခံစား ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။

(မှတ်ချက်) ကိသာဂေါတမီ (၃)ယောက် ရှိပါတယ်။
၁။ အထည်ကြီးပျက် သူဆင်းရဲမျိုးမှ မွေးဖွားလာတဲ့ ပိန်လှီတဲ့ဂေါတမီ (ကိသာဂေါတမီ)။ အများသိနေတဲ့သူပါ။ (အပဒါန၊ဋ္ဌ၊၂၂၄။)
၂။ ဘုရားရှင်၏ ဘထွေးတော် သမီး၊ မောင်နှမ တစ်ဝမ်းကွဲ၊ မင်းမျိုး ကိသာဂေါတမီ။ ယခု တင်ပြတဲ့သူပါ။ (ဇာတက၊ဋ္ဌ၊၁၊၇၁။ ဓမ္မပဒ၊ဋ္ဌ၊၁၊၅၄။ အဋ္ဌသာလိနီ၊ဋ္ဌ၊၇၆။ ဗုဒ္ဓ၀ံသ၊ဋ္ဌ၊၃၂၈။)
၃။ တိဿဘုရားရှင်၏ မြတ်သောအလုပ်အကျွေးမ (အဂ္ဂုပဋ္ဌိကာ) ကိသာဂေါတမီ။ (ဗုဒ္ဓ၀ံသ၊၃၆၁။)

Saturday, 26 October 2013

တန်ဖိုး ကိုယ်စီ ရှိကြသည်

ဘာပဲ ဖြစ်နေဖြစ်နေ တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ တန်ဖိုး သိမှ တန်ဖိုး ရှိတယ် ဆိုပေမယ့် တကယ်တော့ တန်ဖိုး မသိလည်း လူ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုဟာ သူ့တန်ဖိုးနဲ့သူ ရှိနေတာပါပဲ။
၁။ ပကတိ တန်ဖိုး၊
၂။ အသုံးချတန်ဖိုး အသုံးကျတန်ဖိုး၊
၃။ ခံစားမှုတန်ဖိုး ဆိုပြီး (၃)မျိုး ရှိပါတယ်။


 ဥပမာ............
၁။ ဘောလ်ပင်လေး တစ်ချောင်းဟာ ပကတိတန်ဖိုး အနေနဲ့ ၂၀၀လောက် တန်တယ်ဆိုပါစို့။ ဒါဟာ သူ့ရဲ့ ပကတိ တန်ဖိုးရှိတာပဲလေ။
၂။ အဲဒီဘောလ်ပင်လေးနဲ့ စာရေးပြီး အသုံးချလိုက်တဲ့အခါမှာတော့ ပိုပြီး တန်ဖိုးရှိလာပါတယ်။
၃။ အဲဒီဘောလ်ပင်လေးဟာ ကိုယ့်ချစ်သူစတဲ့ ကိုယ်မြတ်နိုးတဲ့သူတွေ ပေးထားတာဆိုပြီး ခံစားမှုတွေ ထည့်လိုက်မယ် ဆိုရင် တန်ဖိုး သိပ်မြင့်သွားပြီ။ တန်ဖိုးဖြတ်လို့ မရတော့ဘူး။
ဘယ်အရာမဆို တန်ဖိုးထားတတ်မယ်ဆိုရင် အမြတ်ချည်းပါပဲ။
ဘယ်သူကတော့ ကိုယ့်ထက် နိမ့်တယ်၊ မြင့်တယ်လို့ ပြောဆို ယူဆနေမယ့်အစား သူ့ကို တန်ဖိုးထား ဆက်ဆံနေဖို့ပဲ လိုတာပါ။ လူကို လူလို့ မြင်အောင် ကြည့်ပါ။ အရာဝတ္ထုကိုလည်း သေးငယ်နေပါစေ၊ ဘယ်လောက် အသုံးဝင်တယ် ဆိုတာကို အရင်ဆုံး နားလည် သိမြင်အောင် လုပ်ဖို့ပါပဲ။

“မျက်ရည်က အပူကို မငြိမ်းစေနိုင်ပါဘူး”

 ဇာတ်တော်အမည်က = ဒသရထဇာတ် (ဒသရထမင်းကြီး အမည်ကိုယူပြီး ဇာတ်အမည်ပေးထားတာပါ။)
ပစ္စုပ္ပန်အကြောင်းက = အဖေသေလို့ သောကမီးတောက်လောင်နေတဲ့ သူကြွယ်ကို အဓိက ဟောထား တာပါ။

အရင်က ဇာတ်လမ်းလေး (အတိတ် အကြောင်း)
ဗာရာဏသီပြည် ဒသရထမင်းကြီးမှာ ရာမ၊ လက္ခဏ သား(၂)ယောက်နှင့် သမီး သီတာ ဆိုပြီး (၃)ယောက်ရှိပါတယ်။ မိဖုရားကြီးက အစောကြီး ကွယ်လွန်သွားတော့ မင်းကြီးက နောက်ထပ် မိဖုရား တစ်ယောက် မြှောက်ပါတယ်။ “ဘရတ“ဆိုတဲ့ သားတစ်ယောက် ထွန်းကားပါတယ်။ မင်းကြီးက အဲဒီ သားလေးကို ချစ်လွန်းလို့ မိဖုရားကို “လိုရာဆု“ တောင်းခိုင်းတယ်။ သားအတွက် နန်းပေးဖို့ တောင်းတယ်။ မင်းကြီးက သားကြီးများ ရှိနေတဲ့အတွက်ကြောင့် မိဖုရားကို “နန်းဆု“ မပေးခဲ့ဘူး။

ဒါ့ကြောင့် မင်းကြီးက သားကြီး(၂)ယောက်ကို မိဖုရားက အန္တရာယ်ပြုမှာစိုးလို့ တောထဲ ထွက်သွား ခိုင်းပြီး (၁၂)နှစ်ကြာမှ ထီးနန်းလာသိမ်းဖို့ မှာလိုက်ပါတယ်။ ဒါနဲ့ “ရာမ၊ လက္ခဏ၊ သီတာ“တို့ သုံးယောက် လုံး ဟိမ၀န္တာတောထဲမှာ သွားနေကြတယ်။ (၉)နှစ်ကြာတော့ မင်းကြီး နတ်ရွာစံတယ်။ မိဖုရားက သားတော် “ဘရတ”ကို ထီးနန်းပေးအပ်ရန် တောင်းဆိုရာ အမတ်ကြီးများက သဘော မတူခဲ့ဘူး။ ဒီတော့ “ဘရတ“မင်းသားက အစ်ကိုကြီး “ရာမ”မင်းသားကို ထီးနန်းအပ်ရန် တောထဲ လိုက်လာပြီး ခမည်းတော် နတ်ရွာစံကြောင်း ပြောပြရင်း ငိုကြွေးပါတယ်။ လက္ခဏနဲ့ သီတာဒေ၀ီ တို့လည်း အဲဒီစကား ကြားပြီး မေ့လဲ သွားခဲ့ကြတယ်။ “ရာမ“မင်းသားကတော့ မငိုခဲ့ပါ။ “ငိုကြွေးလို့ ကျတဲ့ မျက်ရည်က သောကအပူကို မငြိမ်းစေ နိုင်ကြောင်း” ဘရတမင်းသားကို တရားသဘောများ ပြောပြခဲ့ပါတယ်။

“ငိုနေလို့ သေတဲ့သူ ပြန်ရှင်လာမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့် ကိုယ့်ကိုယ်ကို အပူမိအောင် လုပ်နေ ရမှာလဲ။ လူဆိုတာ သေမျိုးချည်းပါပဲ”။

“မှည့်နေတဲ့ သစ်သီးဟာ ကြွေကျရသလို ရှင်တဲ့သတ္တ၀ါတဲ့ သေရတာချည်းပါပဲ။ ဖြစ်ပြီးရင် ပျက်ရတာပါပဲ”။

“နေ့ခင်း မြင်တွေ့ရသူတွေဟာ ညရောက်ရင် ပျောက်သွားနိုင်တာပဲ။ ညတုန်းက တွေ့မြင်ရသူ ဟာလည်း မနက်ကျရင် တွေ့ချင်မှ တွေ့တော့တာပါ။ နေ့မြင် ညပျောက်၊ ညမြင် နေ့ပျောက်သဘော တွေပါ။“ တကယ်လို့ ကိုယ့်ကိုယ်ကို ဆင်းရဲ ပင်ပန်းခံပြီး ငိုလိုက်ရလို့ အကျိုးတစ်ခုခု ရှိမယ်ဆိုရင် ပညာရှိ တွေလည်း ငိုကြွေးကြမှာပေါ့။”

“ငိုနေတာဟာ စိတ်ဆင်းရဲတယ်။ ရုပ်ဆိုးတယ်။ အဲဒီလို ငိုလို့ တမလွန်ရောက်သူက ပြန်ရှင်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငိုတာဟာ အကျိုးမရှိပါဘူး။”

“ဘရတ..ရေ…၊ လူ(သတ္တ၀ါ)ဆိုတာ တစ်ယောက်တည်း လာပြီး တစ်ယောက်တည်း ပြန်သွားရတာပါ။ ဆွေမျိုးဆိုတာ ကြုံလို့ ပေါင်းနေကြရတာပါ။” ဒါ့ကြောင့် ဗဟုသုတရှိတဲ့ ပစ္စုပ္ပန် တမလွန်အကြောင်းကို ကောင်းကောင်းသိတဲ့ ပညာရှိဟာ စိတ်ဆင်းရဲ မခံပါဘူး။ ငါကတော့ ငို မနေပါဘူး။ အလှူ ပေးမယ်၊ ရာထူး အခြံအရံတွေ ပေးမယ်၊ စည်းစိမ်ဥစ္စာကိုလည်း သင့်သလို ခံစားမယ်၊ ဆွေမျိုးတွေနဲ့ ကျန်တဲ့ ပြည်သူတွေကို လည်း ပြုစုစောင့်ရှောက်မယ် လို့ သိတဲ့ပုဂ္ဂိုလ်ဟာ စောင့်ရှောက်ဖို့ မခဲယဉ်းပါဘူး”
တဲ့။

အဲဒီနောက် ဘရတမင်းသားက မင်းပြုဖို့ ပြောရာ ရာမမင်းသားက လက်မခံဘဲ လက္ခဏတို့ သုံးယောက်ကိုသာ မင်းပြုခိုင်းပါတယ်။ သူကတော့ ဖခင်မှာတဲ့အတိုင်း (၁၂)နှစ်ကြာမှ ပြန်လာပြီး မင်းပြု မယ်လို့ မှာကြားလိုက်ပါတယ်။ ညီတော်တို့က မင်းမပြုဘူးလို့ ပြောတော့ ရာမမင်းသားက “သူရဲ့ မြက် ခြေနင်း(ဖိနပ်)လေးဟာ သူ လာတဲ့အထိ မင်းအဖြစ် ရပ်တည်ပေးလိမ့်မယ်“ လို့ ပြောပြီး ခြေထောက်မှ ခြေနင်းကို ချွတ်ပေးလိုက်ပါတယ်။ မောင်နှမသုံးယောက်ဟာ ဗာရာဏသီ ပြန်သွားပြီး မြက်ခြေနင်းကို ရာဇပလ္လင်မှာ မင်းအဖြစ် အသိအမှတ်ပြုလိုက်ကြပါတယ်။ ရာမမင်းသားကတော့ (၃)နှစ်ကြာမှ နေပြည် တော် ပြန်လာပြီး နှမတော် သီတာဒေ၀ီကို မိဖုရား မြှောက်ကာ အဘိသိက် ခံယူခဲ့ပါတယ်။

အတိတ်နဲ့ ပစ္စုပ္ပန် ပြန်ပေါင်းကြည့်ရင်
“ဒသရထမင်းကြီးက = သုဒ္ဓေါဓန။ မယ်တော်က = မာယာဒေ၀ီ။ ဘရတက = အရှင်အာနန္ဒာ။ လက္ခဏက = အရှင်သာရိပုတ္တရာ။ ရာမမင်းသားက = မြတ်စွာဘုရား” ပါ။

(မြန်မာနိုင်ငံ ဆဋ္ဌသင်္ဂါယနာတင် သုတ္တန္တပိဋက၊ ခုဒ္ဒကနိကာယ်၊ ဇာတ်အဋ္ဌကထာ အတွဲ(၄) စာမျက်နှာ၁၂၆၊ ဒသရထဇာတ်တော်မှာ ပါတဲ့ “ရာမ၊ လက္ခဏ၊ သီတာ“တို့ အကြောင်းပါ။ ဗုဒ္ဓကျမ်းစာ စစ်စစ်က အလွမ်း အဆွေးကို ဦးစား မပေးပါဘူး၊ သောကပြေကြောင်း နည်းလမ်းကောင်းတွေပဲ ပေးပါ တယ်။ ဒါက ကိုယ်ကျင့်တရားပါတဲ့ ဒဿနတွေပါပဲ။)

(ဒီနေ့ခေတ် တို့သိနေတဲ့ “ရာမာယနဇာတ်တော်ထဲက မင်းဒဿလို လူ၊ မင်းဒဿလို လူ” ဆိုပြီး သီချင်းများတောင် ဖွဲ့ဆိုနေတဲ့ ရာမဇာတ်တော်ဟာ မြန်မာဇာတ်တော် မဟုတ်ပါဘူး။
ရာမယနဇာတ်ဟာ အိန္ဒိယပြည်က “၀ါလမိကိ“ဆိုတဲ့ စာဆိုကြီးရဲ့ လက်ရာပါ။ အာရှတခွင်ကို ပျံ့နှံ့သွားပြီး ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ စတဲ့နိုင်ငံတွေမှာလည်း ထွန်းကားခဲ့ပါတယ်။ ကျန်ုပ်တို့နိုင်ငံမှာ ဖျာပုံရာမ၊ အိုးဘိုရာမ၊ ပုဏ္ဏားရာမ၊ ပသျူးရာမ စသည်ဖြင့် ကြားဖူးပါတယ်။ မြန်မာပြည်မှာ ရာမဇာတ်ကို လက်ကုန်နှိုက်ပြီး လေ့လာထားသူအနေနဲ့ ဆရာဇော်ဂျီ တယောက်ပဲ ရှိပါတယ်။ တွဲဖက် လေ့လာသူကတော့ “ ကေ”ပါ။ ကလောင်အမည်ပါ။

ဘ၀က ဖန် ငန် စပ်

ဘ၀ရဲ့ ခါးသီးခြင်းတွေကို မျိုသိပ်
ငါ ကြိတ်မှိတ်ကာ နေခဲ့ဖူးတယ်။
ဘ၀ရဲ့ ချိုမြိန်ခြင်းတွေကိုလည်း
သိုသိပ်စွာ ခံစားခဲ့ဖူးတယ်။


ခုတော့......
တစ်ခါတစ်ရံ ဖန်တယ်
တစ်ခါတစ်ရံ ငန်တယ်
တစ်ခါတစ်ရံ စပ်တယ်၊

ဒါပေမယ့်.....
ဘ၀ဟာ ဘ၀ပါပဲလို့
အခါခါ တွေးရင်း
ငေးမော လာခဲ့တာ

ဘ၀ တစ်ဆစ်ချိုးခဲ့ပေါ့။

ဒါတောင်
ဘ၀က အမော မပြေသေးဘူး
အဟော ၀တ
သြော် အံသြစရာ ကောင်းလိုက်တာ။


ဒါဟာ.......
ရှင်သန်နေတဲ့ ငါ့ဘ၀လား
ရုန်းကန်ခြင်းတဲ့လား
အမေပြောတာ ကြားဖူးတာက
ဘ၀က အမောပြေစေတယ်တဲ့
အင်းပေါ့လေ....
ဘ၀တစ်ခု အစပြုခဲ့မိပြီ ဆိုတော့
အဆုံးတိုင် လျှောက်ရတော့မှာပေါ့။