I
do love you. You are my dream, my hope, my world and my life. I love you more
than I can say. I love nobody but you. I cannot live without you. ဒီစကားတွေဟာ နောက်ဆုံးထွက်သက်ထိ
လိမ်ညာနေတဲ့ စကားတွေပါပဲ။ မှန်သလား/ မှားသလား ရှုစားကြည့်ကြပါစို့။
မိဖုရား မလ္လိကာရဲ့ စကားတွေက ခေတ်လူငယ်တွေအတွက် တွေးစရာ မှတ်သားစရာ ကောင်းလိုက်တာဗျာ။
ကိုယ်က "မင်းကို ဘယ်သူက ချစ်မြတ်နိုးလဲ"လို့ မေးရင် သူက "သင်မင်းကြီးက ချစ်မြတ်နိုးတာပေါ့"လို့ ဖြေမှာပဲ။ သူက မေးရင် "ကိုယ်ကလည်း မင်းကိုပဲ ချစ်တာပါ"လို့ ဖြေလိုက်မယ်…။ မင်းကြီး တစ်ယောက်တည်း မေးဖြေကြည့်ရင်း ကိုယ့်အတွေးနဲ့ ကိုယ် ဟုတ်လို့ပေါ့။
တကယ်လည်း မေးလိုက်ရော မိဖုရား မလ္လိကာက "ကိုယ့်လောက် ချစ်သူ
နောက်တစ်ယောက် မရှိနိုင်တော့ဘူး၊ ကိုယ့်ထက် ပိုပြီး ချစ်ရမယ့်လူ မရှိဘူ"။ "ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံး"တဲ့လေ။(နတ္ထိ ခေါ မေ, မဟာရာဇ, ကောစညော အတ္တနာ ပိယတရော။)
မင်းကြီးက "ငါ့လိုဘုရင်လည်း ဖြစ်၊ အသက်မကလည်း ချစ်၊ အရေးထား အလေးပေးတာတောင်မှ သူ့ကိုသူ အချစ်ဆုံး"တဲ့။ ရက်စက်လိုက်တာ၊ တကယ့် မိန်းမယုတ်ပဲ ဆိုပြီး ဒေါသနဲ့အတူ သောကအပူတွေနဲ့ပေါ့။
သြော်….ဒါဆို "မင်းက ငါ့ထက် ရတနာသုံးပါးကို ပိုချစ်တာလား"တဲ့၊
မေးချလိုက်ပြီ။
မလ္လိကာရဲ့ စကားတွေက မှတ်သားစရာတွေပါပဲ။
မှန်ပါ့ အရှင်၊
"ရတနာသုံးပါးကို ချစ်တာကလည်း ကိုယ့်အတွက် မဂ် ဖိုလ် နိဗ္ဗာန်ချမ်းသာကို လိုချင်လို့ ချစ်တာပါ။" မျှော်လင့်ချက် တစ်ခွဲသားနဲ့ ဆိုပါတော့။
တကယ်တော့ "တစ်လောကလုံးက လူတွေဟာ ကိုယ့်အကျိုးအတွက်သာ သူတစ်ပါးကို ချစ်နေတာပါ"။
(သဗ္ဗော စာယံ လောကော အတ္တဒတ္ထမေ၀ ပရံ ပိယာယတိ။)မိဘက သားကို ချစ်တာကလည်း "ဒီသားက ငါတို့ အိုမင်းလာတဲ့အခါ ပြန်ပြုစု စောင့်ရှောက်လိမ့်မယ်"ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
သမီးကို ချစ်တာကလည်း "ဒီသမီးက ငါတို့ရဲ့ မျိုးနွယ်ကို တိုးပွားအောင် လုပ်လိမ့်မယ်"ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
လင်က ဇနီးကို ချစ်တာကလည်း "သူ့ကို ခြေဆုပ်လက်နယ် ပြုစုပေးလိမ့်မယ်"ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
ဆွေမျိုး၊ သားချင်း၊ မိတ်ဆွေ သယ်ချင်းတွေကို ချစ်တာကလည်း " ကိစ္စ အ၀၀ကို ကူညီဆောင်ရွက် ပေးလိမ့်မယ်"ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ.."တဲ့။
အဲဒီတော့ လိမ်နေတာတွေ ရပ်ပါတော့"လို့….သာ။(ဥဒါန အဋ္ဌကထာ၊ ၂၄၈-၉)
နတ္ထိ အတ္တသမံ ပေမံ။ (သံ၊၁၊၆)ပြင်သစ် ဒဿနဆရာ ယန်းပေါလ်ဆန်းက
"Behind all love is the impulse for possession.""ချစ်ခြင်း အားလုံးရဲ့ နောက်ကွယ်မှာ အရူးအမူး ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ ဆန္ဒရှိနေတယ်"တဲ့။
နောက်ပြီး "တစ်ဦးက တစ်ဦးကို ချစ်တယ်ဆိုတာ တစ်ဦးက တစ်ဦးကို ပိုင်ဆိုင်ဖို့၊ တစ်ဦးက တစ်ဦးကို ကျွန်အဖြစ် ရောက်စေဖို့ ကြိုးစားနေခြင်းသာ ဖြစ်တယ်"တဲ့။
အဲဒီတော့ ချစ်တယ် ဆိုတာ ရယူ ပိုင်ဆိုင်ဖို့၊ ကိုယ် စိတ်ချမ်းသာဖို့၊ ကိုယ်ကျိုးအတွက်ဆိုတာ သေချာပါတယ်။
သယ်ချင်းတို့….ရေ...ဘယ်လို
ထင်ကြလဲ၊ ကိုယ့်ဘာသာ မေးကြည့်ကြပေါ့။